ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

သထုံ       ဇွန်      

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီးစိုးပိုင်က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိနိးသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့"နှင့်အညီ ပလတ်စတစ်သုံးပစ္စည်းတို့အား ငြင်းပယ်ခြင်းဖြင့် လျှော့သုံးခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်အသုံးပြုခြင်းနှင့် နေ့စဉ်လူမှုဘဝ၌ ပလတ်စတစ်ပစ္စည်းများ မလိုအပ်ပဲ အသုံးမပြုရေး၊ အစားအသောက်များအား ပလတ်စတစ်များဖြင့် ထုတ်ပိုးမှုမပြုရေး၊ တစ်ခါသုံးပစ္စည်းများအစား ပြန်လည်အသုံးပြုနိုင်သည်တို့အား အစားထိုးအသုံးပြုရေး၊ ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးအမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဟိန်းလင်းစိုးက ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအားဖတ်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ သထုံခရိုင်အတွင်း အထက်တန်းအဆင့် စိမ်းလန်းစိုပြည်သောကျောင်းဆုရရှိသည့် ပေါင်မြိုနယ်၊ အ.ထ.က(ကော့ကရင်)ကျောင်းအား ဂုဏ်ပြုဆုချီးမြှင့်ကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူးက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် ဆရာများလက်စွဲစာအုပ်နှင့် အလှူငွေများအား အ.ထ.က(၂)သထုံကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ရုပ်သံဗွီဒီယိုများ ပြသပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်