အောင်မြေသာစံ ဇွန် ၂
၂ဝ၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ ညနေလေးနာရီက မန္တလေးမြို့ ဗထူးအားကစားကွင်းရှိ တိုင်းဒေသကြီးအား/ကာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊အား/ကာသိပ္ပံ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အောင်ပွဲရအားကစားသမားများအား ပန်းကုံးများ၊ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။
ထို့နောက် ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ရာ အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အသင်းမှ အုပ်ချုပ်သူ/နည်းပြများက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးထံ ဆုဖလားများအပ်နှံပြီး အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းမှ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဂုဏ်ပြုစကားပြောကြားပြီး အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံ ရှင်းလင်းတင်ပြကြောင်း သိရသည်။
မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသော ၂ဝ၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မန္တလေးတိုင်း ဒေသကြီး ပြေးခုန်ပစ်အသင်းသည် ရွှေတံဆိပ် (၁၇)ခု ၊ ငွေတံဆိပ် (၅) ခု၊ ကြေးတံဆိပ် (၇) ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား၊ အမျိုးသားတံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)