မုဒုံ ဇွန် ၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းချုပ်မှ ကြီးမှူးကျင်းပခဲ့သော (၇၃) ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ ဓမ္မရာဇိန်ဘုန်းကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဓမ္မရာဇိန်ကျောင်း ဆရာတော်ကြီးထံမှ ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း နာယက မြို့နယ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးဝင်းနိုင်ဦးနှင့်အသင်းသားများ၊ မုဒုံမြို့နယ် တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည် သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား /သူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သြဝါဒစရိယဆရာ တော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မဂုဏ်ရည် ကျောက်ဝိုင်းကျောင်း ဆရာတော်ကြီးက သြဝါဒနှင့်ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟိုမှ အကြီးတန်း အထူးအောင်ခြောက်ဦး၊ မြို့နယ်အလတ်တန်း အထူးအောင် ကျောင်းသား/ သူ ၁၁၄ ဦးအား ဆွဲပြား၊ ဆုတံဆိပ်နှင့် အောင်လက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)