ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်‌ကျွေး

ဆိပ်ကြီးခနောင်တို ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ အသက် (၂လ၊ ၄လ၊ ၆လ၊ ၉လမှ တစ်နှစ်ခွဲအရွယ်အထိ) ကလေးငယ်များ၏ အသက် အပိုင်း အခြား အလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ပေါင်ချိန် ပေးခြင်း၊ ကလေးငယ်များအတွက် အခြားကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဆီးချို၊ သွေးတိုး ရောဂါနှင့် အခြားကျန်းမာရေး စစ်ဆေးကုသပေးခြင်းစသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)