မိုးညှင်း ဇွန် ၅
၂၀၂၃ခုနှစ် ဇွန်လ (၅) ရက်တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီလွင်က အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ANTONIO GUTERRES နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာ INGER ANDERSEN တို့ပြောကြားထားသည့် ရုပ်သံဗီဒီယိုအား ပြသဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဇွန်လ (၃) ရက်တွင် ကျင်းပခဲ့သည့် “ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဟူသောခေါင်းစဉ်ဖြင့် မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာ စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသားကျောင်းသူများမှ ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် ရေအရည်အသွေးတိုင်းတာရာတွင် အသုံးပြုသည့်စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)