ပင်းတယ ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကိုအဓိကစီးပွားရေးအဖြစ် ဘိုးဘွားအစဉ်အဆက်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့်သီးနှံများကို တောင်ယာခြံများနှင့် လယ်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် ပင်းတယဒေသထွက် ငရုပ်သီးများ ဈေးကောင်းရရှိနေ၍ ငရုပ်သီးပျိုးပင်ပျိုးထောင်ရောင်းချသူများပိုမိုများပြားလာကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် ကျောက်စု၊ ကိုးလုံး၊ ရွှေပုထိုး၊ ဇော်ဂျီ အစရှိသည့် ဇော်ဂျီရေထွက်ချောင်းဖြင့် နီးသည့်ကျေးရွာများတွင် ငရုပ်သီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချကြပြီး တောင်ယာခြံများတွင် မိုးဦးကျကာလဖြစ်သည့် မေလဒုတိယအပတ်တွင် ပျိုးပင်များစတင်ပျိုးထောင်ကြကာ ဇွန်လပထမအပတ်တွင် စတင်စိုက်ပျိုးကြကြောင်း၊ ငရုပ်သီးပင်စိုက်ပျိုးရာတွင် စိုက်ပျိုးပြီး (၅)လခန့်ကြာပြီးနောက် စတင်ခူးဆွတ်ရောင်းချ ရကြောင်း၊ ယခင်နှစ်က ငရုပ်သီးအစို(၁)ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိရရှိပြီး ငရုပ်သီးအခြောက် (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်မှ (၃၈၀၀၀)ကျပ်အထိရရှိကြောင်းနှင့် ယခုနှစ်တွင် ငရုပ်သီးအစို (၁)ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်အထိရရှိနေသောကြောင့် ငရုပ်သီးစိုက်ပျိုးရောင်းချသည့် တောင်သူများပိုမိုများပြားလာနိုင်သည့်အတွက် ငရုပ်သီးပျိုးပင် ပျိုးထောင် ရောင်းချသူများ ပိုမိုများပြားလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)