မုဒုံ ဇွန် ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်တောဦးစီးဌာနမှဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဘဲရမ်းကျေးရွာရှိ သုဿာန်ဝင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက အော်ရီးရှား (၁၀၂)၊ ကံ့ကော် (၂၀)၊ မန်ဂျန်ရှား (၁၁၉)၊ ခရေ (၂၀)၊ မဟော်ဂနီ (၁၃၇)၊ ကျွန်း (၁၀၂)ပင် စုစုပေါင်း ပျိုးပင်အပင် ၅၀၀ ကို တပျော်တပါးစိုက်ပျိုးခဲ့ကြသည်။
မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ်တွင် ပျိုးပင်ပေါင်း (၃၅၀၀၀)ကို စိုက်ပျိုးထားရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)