နမ့်ခမ်း ဇွန် ၅
စာပေဖတ်ရှုသူ စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က ရွေ့လျားစာကြည့်တိုက်ဖြင့် အမှတ်(၁) ရပ်ကွက်အတွင်း သွားရောက်ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာပေချစ် သူများ၊ စာဖတ်ပရိတ်သတ်များ အားလပ်သောအချိန်တွင်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင်သော စာဖတ်ပရိတ်သတ်များ အဆင်ပြေစေရန်နှင့် စာပေများဖတ်ရှုပြီး အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်များကို ယူဆောင်ကာ ရပ်ကွက်များအတွင်း ကွင်းဆင်း၍ အခမဲ့သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်အတွင်းရှိ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များရှိရာသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် သွားရောက်ငှားရမ်းပေးလျက်ရှိပြီး စာပေချစ်သူများစိတ်ကြိုက်စာအုပ်များဖြင့် အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းနှင့် အသင်းဝင်တိုးပွားရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)