တာချီလိတ် ဇွန် ၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ သစ်တောဘိနယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဝင်များက ပျိုးပင်များပေးအပ်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖန်မင်ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ အမှတ် (၁၀၀၉)နယ်ခြားစောင့်တပ်မှ တပ်မတော်သားများနှင့်ရဲမေများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသား များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ကျွန်း၊ မဲဇလီ၊ မန်ဂျန်ရှား၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ တမလန်(သစ်နှင်းဆီ)ကြောင်လျှာ၊ မဟာလှေကား၊ သင်္ဘော တည်နှင့် ခရေပင်စုစုပေါင်း(၈၇၀)ပင်ကို သတ်မှတ်နေရာများတွင် တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။
တာချီလိတ်မြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း ပျိုးပင်ပေါင်း(၇)သောင်း ဖြန့်ဝေစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)