ဆီဆိုင် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းရေးနေ့ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာရှိ အောင်စံပြည့်ညီသမိုင်းဝင် မွေတော်ဘုရား၏ ပရဝုဏ်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးနေလင်းဦးတို့က သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများထံ ပျိုးပင်များအသီးသီး ပေးအပ်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာများတွင် စိန်ပန်းနီ(၁၀၀)ပင်၊ စိန်ပန်းပြာ(၁၅၀)ပင်၊ ခါတော်မှီ(၁၅၀)ပင်၊ မန်ဂျန်ရှား(၁၅၀)ပင်၊ အော်ရေးရှား(၁၅၀)ပင်နှင့် မျောက်ငို(၁၅၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း (၈၅၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)