မောက်မယ်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေး

မောက်မယ် ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိ ရပ်ကွက်များမှ ယနေ့ နံနက်(၉)နာရီတွင် လစဉ် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသဲရောင်အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅)မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။

မောက်မယ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်း ၊ ကိုဗစ်−၁၉ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း စသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)