မောက်မယ် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင်တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက စတင်ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဆရာတော် ထီဟံခွီးကျောင်းဆရာတော်ထံ သြဝါဒကထာ မြွက်ကြားတော်မူပြီး မေးခွန်းလွှာများကို မြို့နယ်သာသနာရေးမှူး ဦးငွေထွန်းက ထီဟံခွီးကျောင်းဆရာတော်ထံ ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ စာပွဲတော်တွင် မောက်မယ်မြို့နယ်အတွင်းမှ ရှင်သာမဏေ ဒုတိယတန်း(၁)ပါး၊ ပထမတန်း(၈)ပါး၊ မူလတန်း(၂၉)ပါး၊ ခွင့်ပြုကြီး(၃၃)ပါးနှင့် ခွင့်ပြုငယ်(၈၄)ပါး၊ စုစုပေါင်း ရှင်သာမဏေ(၁၅၄)ပါးက ဝိနိယဘာသာ၊ သဒ္ဒါဘာသာ၊ ကစ္စည်းသဒ္ဒါဘာသာ၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊ ပရိယတ္တိဘာသာ၊ မာတိကာဓာတုကထာဘာသာနှင့် အဘိဓာန်အလင်္ကာဆန်းဘာသာများအား ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး စာဖြေရှင်သာမဏေများ အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတို့က ဆွမ်းဘောဇဉ်များကို လှူဒါန်းလျက်ရှိသည်။
စာပွဲတော်ကို ဇွန်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ၆ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ဒုတိယနေ့ ဆက်လက်ဖြေဆိုမည်ဖြစ်ပြီး ဇွန်လ ၉ ရက်နေ့၌ စာအောင်ရှင်သာမဏေများအား စာအောင်လက်မှတ်များကို ဆုနှင်းသဘင်ဖြင့် ချီးမြှင့်ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)