ကျိုင်းတုံ ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိန်ပန်းဓမ္မစကူးလ် အပတ်စဉ်ဗုဒ္ဓဘာသာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံသရာအေးကျောင်း ဆရာတော်ထံမှ ဩဝါဒစကား နာယူကြသည်။
ဆက်လက်ပြီး စိန်ပန်းဓမ္မစကူးလ် ဦးဆောင်ဆရာတော်က စိန်ပန်းဓမ္မစကူးလ် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူများက (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲမှ အထူးအောင်မြင်သူများအား ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြင့်ကာ စိန်ပန်းဓမ္မစကူးလ်ကျောင်းအတွက် အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းတို့က ကျောင်းသား၊ ကျောင်းသူများအား (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စိန်ပန်းဓမ္မစကူးလ်ကျောင်း အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့ စိန်ပန်းဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်းကို ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို မေလ ၇ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)