ရန်ကုန် ဇွန် ၄
ထားဝယ်အသင်း(ရန်ကုန်)မှ ဦးစီးကျင်းပသည့် ပထမအကြိမ်ထားဝယ်စာပေနှင့် ယဉ်ကျေးမှု သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်း ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ထားဝယ်အသင်း(ရန်ကုန်) နာယကဆရာတော် အရှင်ဘဒ္ဒန္တဣန္ဒောဘာသ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်မောင်ထွန်း၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နေဝင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်တက်ရောက်လာကြသည့် အထူးဧည့်သည်တော်များနှင့် စာတမ်းရှင်များက အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီးထားဝယ်ဒေသ ရှုခင်းများနှင့် ယဉ်ကျေးမှု အကအလှများ တင်ဆက်မှုကို ကြည့်ရှုခဲ့ကြသည်။
ယင်းနောက်ထားဝယ်အသင်း(ရန်ကုန်)နာယက ဆရာတော် အရှင်ဘဒ္ဒန္တဣန္ဒော ဘာသကစာတမ်းဖတ်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းပြောကြားပြီး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးပြေဟိန်းနိုင်တို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက်စာတမ်းရှင်များ စာတမ်းများဖတ်ကြားကြရာတွင် "မိခင်ဘာသာ သင်ကြားရေး ထားဝယ်စာပေ” ခေါင်းစဉ်ဖြင့်စာတမ်းကို ဆရာတော်အရှင် ဘဒ္ဒန္တ ဣန္ဒောဘာသက လည်းကောင်း၊"သာရဝတီနဂရ သမိုင်းသစ် " ခေါင်းစဉ်ဖြင့်အရှင် ဘဒ္ဒန္တဘန္ဇနကလည်းကာင်း၊ "ထားဝယ်တိုင်းရင်းသားရိုးရာ ဘာသာစကားနှင့်စာပေခရီး” ခေါင်းစဉ်ဖြင့် ဦးတင့်လွင်လည်းကာင်း၊ "ထားဝယ်ဆိုင်ရာ သမိုင်းအထောက်အထားများ” ခေါင်းစဉ်ဖြင့် ဒေါက်တာ နန်းလှိုင်လည်းကောင်း၊"ပျောက်ဆုံးသွားသော မြန်မာ့ရှေးဟောင်းတနုသီရိ ( Tanu Sri )ယဉ်ကျေးမှုကိုဒြပ်ရှိ ရုပ်ဝတ္ထုယဉ်ကျေးမှုဖြင့် ပြန်လည်ဖေါ်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် ဒေါက်တာတဲရင့်စ်တန်ကလည်းကောင်း၊ "ထားဝယ်ယဉ်ကျေးမှု နယ်မြေအတွက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုင်ရာ နမူနာပုံစံ” ခေါင်းစဉ်ဖြင့် ဒေါက်တာပြည့်ဖြိုးကျော်တို့က အသီးသီးဖတ်ကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် စာပေပညာရှင်များ တင်ပြထားသော စာတမ်းများအား ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပထမအကြိမ် ထားဝယ်စာပေနှင့် ယဉ်ကျေးမှု သုတေသနစာတမ်းဖတ်ပွဲသို့ တက္ကသိုလ်များမှ ပါမောက္ခများ၊ ထားဝယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးသီဟအောင်နှင့် အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)