သထုံ ဇွန် ၄
မွန်ပြည်နယ်၊ သထုံမြို့၊ လေးဆူဓာတ်စံ ရွှေစာရံစေတီပရိဝုဏ်ရှိ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဓမ္မာရုံကြီးတွင် နှစ်စဥ်နှစ်တိုင်း ဖွင့်လှစ်မြဲဖြစ်သည့် အခြေခံအဘိဓမ္မာ(သင်္ဂြိုဟ်)၊ ဂုဏ်ထူးဆောင်အဘိဓမ္မာ (ဋီကာကျော်)နှင့် ပိဋကတ်သုံးပုံအနှစ်ချုပ် (ဝိသုဒ္ဓိမဂ်)သင်တန်းတို့ကို ယနေ့နံနက်မှစတင်ကာ အဆိုပါဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးတက်မြင့်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက သင်ကြားမည့်ဘာသာရပ်များတို့ကို အသီးသီး မိတ်ဆက်ရှင်းလင်းခဲ့ကြသည်။
သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းအနေဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များကို စိတ်ပါဝင်စားသူတို့အတွက် အဘိဓမ္မာတရားတော်မြတ်ကို သာမန်လူပုဂ္ဂိုလ်များ လွယ်လွယ်ကူကူ နားလည်နိုင်စေရန် လူပုဂ္ဂိုလ်ဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ်သင်တန်းများအပြင် ပဋိစ္စသမုပ္ပါဒ်၊ သံယုတ္တနိကာယ် မြန်မာပြန် စသည့် ဗုဒ္ဓစာပေတို့ကို နားလည်လွယ်သော နည်းစနစ်များဖြင့် နှစ်စဉ်ကုသိုလ်ဖြစ်(အခမဲ့)သင်ကြားပေးလျက်ရှိသည်။
ယခုဖွင့်လှစ်သည့် အခြေခံအဘိဓမ္မာ(သင်္ဂြိုဟ်)၊ ဂုဏ်ထူးဆောင်အဘိဓမ္မာ (ဋီကာကျော်)နှင့် ပိဋကတ်သုံးပုံအနှစ်ချုပ် (ဝိသုဒ္ဓိမဂ်) သင်တန်းတို့ကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တို့၌ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)