နမ္မတူမြို့နယ်တွင် ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နမ္မတူ ဇွန် ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဘင်ခရာသင်တန်းသား၊ သင်တန်းသူများမှ ဦးဆောင်၍ ဘင်ခရာတီးဝိုင်းဖြင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခဲ့ကြပြီး မြို့နယ်ပညာရေးမှုး ဦးစောဝင်းဌေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ရွှေက ဘင်ခရာသင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဘင်ခရာသင်တန်းသား၊ သင်တန်းသူများက ကျောင်းကောင်စီ၊ မြန်မာ့ကျောင်း၊ ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဘင်ခရာသင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် သင်တန်းနည်းပြဆရာ (၃)ဦးအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဘင်ခရာသင်တန်းသား၊ သင်တန်းသူ ၅၀ ဦးအတွက် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါ ဘင်ခရာသင်တန်းအား ဧပြီလ (၂၀)ရက်နေ့မှ ဇွန်လ (၃)ရက်နေ့အထိ စုစုပေါင်း (၄၅)ရက် ပိတ်ရက်မရှိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)