တံတားဦး ဇွန် ၄
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ ၊ မိုး ၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက် ၊ ကန်ရေသောက် ၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ( ၁၅၅၀၁၇) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ယခုနှစ်မိုးရာသီရာတွင် သက်ဆိုင်ရာဌာနများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေး လုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အဆင့်ဆင့်တာဝန်ခွဲဖြန့်ဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံ တောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် တောင်သူများ သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး မြေဆီလွှာ ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ရေးမြေဩဇာများ စနစ်တကျသုံးစွဲရေး၊ သဘာဝမြေဩဇာများ စုဆောင်းအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေး သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး စသည်တို့ကို ကျေးရွာများအရောက် တောင်သူများနှင့်တွေ့ဆုံပြီး ကွင်းဆင်းပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားသည်။
ရဲတင့်(ပြန်/ဆက်)