ရန်ကုန် ဇွန် ၄
“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် ထိုင်းနိုင်ငံမှ ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ထိုင်းဘုရင်နှင့် မိဖုရား၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းပြည်သူများက ပေးပို့လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ငါးကြော် ၄၈ ဖာ၊ ကြက်ဥပြုတ် ၁၆ ဖာ၊ တူနာငါးသေတ္တာဗူး ၃၄ ဖာ၊ မုန်ညင်းချဉ်စည်သွတ်ဖာ ၁၀၀၊ ဖယောင်း တိုင် ၄ ဖာ၊ ဓာတ်မီး ၂ ဖာ၊ ဆန် ၁၆၇ ဖာ၊ ကြက်ကြော် ၃၈၄ ဖာ၊ ငါးသေတ္တာဗူး ၁၈၆၃ ဖာ၊ ခေါက်ဆွဲခြောက်ဖာ ၁၅၃၀၊ MILLET SNACK ဖာ ၂၀၊ ဂျယ်လီဖာ ၅၀၊ PUFFED RICE STICK ၆ ဖာ၊ ရေသန့် ၁၅ ဖာ၊ TEA BAG ၁၀ ဖာ၊ ငါးသေတ္တာဗူး ၁၀၀၀၀ ဗူးတို့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုင်းနိုင်ငံမှပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား မြဝတီမြို့မှတစ်ဆင့် ကားများဖြင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ သယ်ဆောင်လာခြင်းဖြစ်ပြီး “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)