ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်ကြောင့်ဖြစ်ပွားမည့် ရောဂါများ မဖြစ်ပွားစေရေး မြို့တွင်းရေနုတ်မြောင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇွန်(၃)ရက် နံနက် (၈)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေမြောင်းရှင်းလင်းခြင်းလုပ်ငန်းများကို ရန်ကုန်-မန္တလေးကားလမ်း ဘေး ဝဲ/ယာရှိ ရေနုတ်မြောင်းများနှင့် ကြက်မင်းတွန်ရပ်ကွက် အမှတ်(၁)ရေနုတ်မြောင်းတို့တွင် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကားလမ်းပေါ်သို့ မိုးရေများလျှံတက်မှုကြောင့် လမ်းပျက်စီးမှုဒဏ်မှ ကာကွယ်နိုင်ခြင်း၊ ခြင်များခိုအောင်းနိုင်မှု၊ ပေါက်ပွားမှုမရှိသည့်အပြင် ပြည်သူများအနေဖြင့် ခြင်ကြောင့်ဖြစ်ပွားမည့် ရောဂါများ ကြိုတင်ကာကွယ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး မြို့တွင်း ရေနုတ်မြောင်းသန့်ရှင်းခြင်းလုပ်ငန်းများနှင့် မြို့တွင်းလမ်းဘေးဝဲ/ယာများတွင် အလှပန်းပင်များ၊ အရိပ်ရ အပင်များ စိုက်ပျိုးပေးခြင်း၊ ပေါင်းမြက်များ သန့်ရှင်းခြင်း၊ ပလက်ဖောင်းများ ဆေးသုတ်ခြင်း၊ လမ်း၊ တံတားများ ပြုပြင်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)