မြစ်သား ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်၏ ကျောင်းထိုင် ပဓာနနာယက ဆရာတော် အရှင်ဃောသိတကို ကျောင်းထိုင်နာယက ဆရာတော်အဖြစ်တင်မြှောက်ခြင်းကျောင်းတင်၊ ကျောင်းအပ် ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မင်းကုန်းပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်၊ လူပရိသတ်အပေါင်းတို့က နမောတဿ ဂါထာတော် သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုဖွင့်လှစ်ပြီး မင်းကျောင်း ဦးဝေဠုရိယဆရာတော်မှ ငါးပါးသီလ ချီးမြှင့်တော်မူ၍ သြဝါဒကထာ မိန့်ကြားသည်။ ဆက်လက်၍ နေရှင်နယ်ကျောင်း ဦးနေမိန္ဒမှ ကျောင်းလက်ခံမည့် အရှင်ဃောသိတ၏ထေရုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပြီး မြို့နယ်သံဃာ့ နာယကအဖွဲ့ ၊ အကျိုးဆောင် ပေါက်မြိုင်ကျောင်း ဦးစိတ္တရ ဆရာတော်မှ ကျောင်းတင် ၊ ကျောင်းအပ်အသိအမှတ်ပြု စာချုပ်မှတ်တမ်းကို ဖတ်ကြားကြေညာပေးပြီး ရပ်ကျေးသံဃာ့ နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ အသိအမှတ်ပြုစာချုပ်မှတ်တမ်းများကို ဆရာတော်အရှင်ဃောသိတ ထံသို့ လွှဲပြောင်းလှူဒါန်းပေးခဲ့သည်။ အဆိုပါ ပင့်သံဃာတော်များအား နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ သံဃာတော်များမှ အနုမောဒနာတရားချီးမြှင့် ကာလှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ၊ အခမ်းအနားကို ဗုဒ္စသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
မင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်၏ကျောင်းတင်၊ ကျောင်းအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်မိ / ရပ်ဖများ၊လုပ်ငန်းရှင်များ၊ ဆရာတော်၏ တပည့်ဒါယကာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)