တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ

တံတားဦး ဇွန် ၄

တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်မဟာပင်္ဂလာစေတီဘုရားကြီး၏ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကိုနှစ်စဉ် နယုန်လပြည့်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါဘုရား အာရုံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် ဌာနဆိုင်ရာများ၊ ဆွမ်းဆန်တော်အလှူရှင် ဒါယကာ၊ ဒါယိကာမများက တံတားဦးမြို့နယ် ဩဝါဒစရိယ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာပရိတ်တရားတော်များ ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒစရိယ ဘဒ္ဒန္တကောသလ္လ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြပြီး ဆွမ်းဆန်တော်များ လောင်းလှူကြသည်။

ဆွမ်းဆန်တော်လောင်းလှူပွဲကို သမိုင်းဝင်မဟာမင်္ဂလာစေတီ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူးပြီး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် ၁၃၈၅-ခုနှစ်၊ နယုန်လဆန်း(၁၅)ရက်နေ့တွင် (၄၁)ကြိမ်မြောက် စည်ကားသိုက်မြိုက်စွာကျင်းပဖြစ်‌ပြီး  ဆွမ်းဆန်တော်လောင်းလှူကြောင်း၊ တံတားဦမြို့နယ်အနေဖြင့် ကျောင်းပေါင်း(၂၈၅)ကျောင်းရှိပြီး၊ ယနေ့တွင် ဆွမ်းဆန်တော်ကို (၃၃၃)ပါးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများက လောင်းလှူကြပြီး လာမည့်နှစ်များတွင် ဆရာတော်သံဃာတော်များ တိုးချဲ့လောင်းလှူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးဌေးဦးထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)