မိတ္ထီလာ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အင်ဂျင်နီယာဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး Drawing & Estimate ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက်က ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ၎င်း၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာဝန်ထမ်းများအား လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ပထမ(၃)ပတ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် Drawing & Estimate ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ Drawing & Estimate ရေးဆွဲနည်းသင်တန်းကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ၎င်း၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်ရုံးများမှ သင်တန်းသားသင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် နှစ်ပတ်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)