ပန်းခင်းစီမံချက်(၂)ဆောင်ရွက်ချက်အရ ဘဝသစ်မေတ္တာမိဘမဲ့ဂေဟာသို့ ဌာနဆိုင်ရာများက နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မူဆယ် ဇွန် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက်(၈း၃၀)အချိန်က မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိကြသူများက ပန်းခင်းစီမံချက်(၂) ဆောင်ရွက်ချက်အရကောင်းမှုတုံရပ်ကွက်၊ ကောင်းမှုလွယ်နယ်မြေရှိ မိဘမဲ့ဂေဟာအဆောက်အဦးသစ်မြေ ပန္နက်ချအခမ်းအနားနှင့် ကလေးများအတွက် အဝတ်အစားများထောက်ပံ့ပေးအပ်ခြင်း၊ လိုအပ်သော ကျန်းမားရေးစောင့်ရှောက်မှုများအပြင် နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဘဝသစ်မိဘမဲ့ဂေဟာနှင့်မျက်နှာချင်းဆိုင်ရှိ အကျယ်အဝန်း(၃၀×၉၁’)မြေကွက်အား မိဘမဲ့ဂေဟာအဆောက်အဦးသစ် ဆောက်လုပ်ရန် မူဆယ်မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒာဝရထံမှ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် အဖွဲ့ဝင်များက ငါးပါးသီလခံယူကာ ရေစက်ချအမျှဝေခဲ့ပြီး မြေပန္နက်ချအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် မူဆယ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေမှူး ဦးရဲရင်ထွန်းနှင့်အဖွဲ့ဝင်များက မိဘမဲ့ဂေဟာရှိ ၁၀ နှစ် အထက်ကလေးများ နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြိုနယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များကလိုအပ်သော မွေးစာရင်းအချက်အလက်များကောက်ယူပေးခြင်း၊ ကျန်းမာရေးဌာနမှ သွေးအမျိုးအစားဖောက်ယူစစ်ဆေးပေးခြင်း၊ အရပ်အမြင့်နှင့်ကိုယ်အလေးချိန် တိုင်းတာစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှလည်း မိဘမဲ့ကလေးများ၏ မှတ်ပုံတင်ဓာတ်ပုံများအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်ပြီးမူဆယ်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစိုင်းအောင်ကျော်စောနှင့် ကျန်းမာရေးဝန်းထမ်းများက ကလေးများ၏ ကျန်းမားရေးအခြေအနေများ စစ်ဆေးပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်မှ မိဘမဲ့ဂေဟာမှ ကလေးသူငယ်များအတွက် အိမ်တွင်းမှုသင်တန်းကျောင်းမှချုပ်လုပ်ထားသော အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါပန်းခင်းစီမံချက်(၂)အရဆောင်ရွက်ချက်များကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မူဆယ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေမှူး ဦးရဲရင်ထွန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိဘမဲ့ဂေဟာမှ ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဂေဟာအုပ်ထိန်းသူထံမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဘဝသစ်မေတ္တာမိဘမဲ့ဂေဟာတွင် မိဘမဲ့ကလေးသူငယ် (၁၅၃)ယောက် ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။=

မူဆယ်ခရိုင်(ပြန်/ဆက်)