စဉ့်ကူး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး စည်သူခန်းမတွင် အစည်းအဝေးကို အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပခဲ့သည်။
အစည်းအဝေးပထမပိုင်းတွင် အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ဇော်လတ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၇၅)ဦးတို့အား တပ်မှူး ဗိုလ်မှူးကြီး ဇော်လတ်ဦးက ဆန် (၃၀)အိတ်၊ ဆီ(၄၀)ပိဿာ၊ ဝါးလားလား ခေါက်ဆွဲခြောက်ထုတ် (၇၅၀)ထုပ်တို့အားလည်းကောင်း၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က စားသုံးဆီ (၅၀)ကျပ်သားစီအားလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက ဆန်အိတ် (၁၀)အိတ်အားလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။
အစည်းအဝေး ဒုတိယပိုင်းတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာအား ဖတ်ကြားခဲ့ရာ အစီရင်ခံစာအပေါ် အဖွဲ့ဝင်များက ပြန်လည်မေးမြန်း ဆွေးနွေးအကြုံချက်များ တင်ပြခဲ့ကြသည်။ ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၇၅)ဦးတို့အား မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ)မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀)၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၊ ထမင်းစရိတ် တစ်ဦးလျှင် ကျပ်(၃၀၀၀)၊ အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်း (၁၈)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)၊ မသန်စွမ်းသူ စစ်မှုထမ်းဟောင်း (၄)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)၊ စစ်မှုထမ်းဟောင်း သား၊ သမီးများအား တက္ကသိုလ်ကျောင်းသားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၅၀၀၀)၊ အထက်တန်းကျောင်းသား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)၊ အလယ်တန်းကျောင်းသားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၅၀၀၀)၊ မူလတန်းကျောင်းသားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)နှင့် စာသင်ကျောင်းလုံခြုံရေးတာဝန်ထမ်းဆောင်သူ စစ်မှုထမ်းဟောင်း (၆)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀) စီတို့အား တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ အမှတ်(၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ဇော်လတ်ဦး၊ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ဇော်ဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)