လားရှိုးတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်

လားရှိုး ဇွန် ၄

၂၀၂၃ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်ပရဝုဏ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းအမှိုက်ကောက်ဆောင်ရွက်ခြင်းသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက တပျော်တပါး အမှိုက်ကောက်ကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

လားရှိုးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”တွင် လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ အသိပညာပေးပြခန်းများပြသခြင်း၊ ဟောပြောပွဲများကျင်းပခြင်း၊ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)