နမ္မတူ ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေး၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ကာ အသိပညာပေးခြင်း၊ ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်း၊ ဝင်းမြင့်မိုရ်စက်မှုကုမ္ပဏီ၊ ပညာလင်္ကာရ သီလရှင်စာသင်တိုက်နှင့် နမ္မလ ဘုန်းတော်ကြီး ကျောင်းသို့ ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ကာ အသိပညာပေးခြင်း၊ ရေကန်များအတွင်းသို့ အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော်(ပြန်/ဆက်)