ပုဏ္ဏားကျွန်း ဇွန် ၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေကားလမ်းရှိ စမြုံတော်ဓာတ်နှင့် ဂူဝဘုရားရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သော စမြုံတော်ဓာတ်စေတီတောင်ကလပ်ရှိ ဓမ္မာရုံအဆောက်အအုံအား ယနေ့နံနက် (၇)နာရီက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် စမြုံတော်ဓာတ်စေတီတောင်ကလပ်ပေါ်ရှိ ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် ဘုရားဓမ္မာရုံအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျိုးကျနေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ဂူဝဘုရား ရင်ပြင်တော်သန့်ရှင်းရေးသာယာလှပရေးအတွက် သန့်ရှင်းဆောင်ရွက်ပေးကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်သည့် နေရာသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် အဖွဲ့ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)