နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂)နှစ်အောက် ကလေးငယ် ထောက်ပံ့ကြေး(MCCT) အစီအစဉ်အများ ပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ် ထောက်ပံ့ကြေး (MCCT) အစီအစဉ် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ဇွန်လ (၂)ရက်နေ့ မွန်းလွဲ (၁)နာရီ အချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာအသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က Online စနစ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ် ထောက်ပံ့ကြေး(MCCT) အစီအစဉ် အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ပိုးမဥ္ဇူက (MCCT) အဓိပ္ပာယ်၊ အကျိုးခံစားသူစာရင်းပေးသွင်းရာတွင် လိုအပ်သည့်အချက်အလက်နှင့် စာရင်းပေးသွင်းရန် နည်းလမ်းများ၊ ထောက်ပံ့ကြေးအစီအစဉ်တွင် မပါဝင်သူများ၏ လိုအပ်ချက်များနှင့် စာရင်းပေးသွင်းနိုင်သည့် ကာလအပိုင်းအခြားများစသည့် အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော် ထံက သိရသည်။

လူမော် (ပြန်/ဆက်)