မောင်တော ဇွန် ၄
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် မြိုယုကျေးရွာအတွင်း ယာယီတဲများ တည်ဆောက်နေမှုများအား တာ၀န်ရှိသူများက ယမန်နေ့နေ့လည်ပိုင်းက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး နေအိမ်များပြိုလဲပျက်စီးခဲ့သော မြိုယုကျေးရွာတွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်ထားသော ယာယီတဲများအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များက ကူညီဆောက်လုပ်ပေးလျက်ရှိသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် အဆိုပါ ကျေးရွာသို့ သွားရောက် ကြည့်ရှုပြီး ယာယီတဲအတွင်းနေထိုင်ကြသော မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ဆက်လက်တည်ဆောက်လျက်ရှိသော ယာယီတဲများဆောင်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါကျေးရွာနေ ရွာသူရွာသားများအနေဖြင့် အနီးရှိစမ်းရေကိုသောက်သုံးရာတွင် သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ထားသော ဆေးပြားများအား လက်တွေ့အသုံးပြုနေမှုများအား ကြည့်ရှုကာ စနစ်တကျအသုံးပြုရန်အတွက် ရွာသူရွာသားများအား မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)