မဟာအောင်မြေ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၉x၄၀ လမ်းကြား၊ ၇၀x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ အေးကမ္ဘာသာသနာ့ဗိမ္မာန်တော်ကြီးအတွင်း အပူဇော်ခံရန်ထားရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ၏ ကြွင်းကျန်ရုပ်ကလာပ်တော်အား အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ မဟာဝိဇ္ဇာတန်း သင်တန်းသား/သူ ဆရာတော် အရှင်သူမြတ်များမှ ယနေ့နံနက်ပိုင်းက လာရောက်ဖူးမြော်ပြီး တစ်နိုင်ငံချင်းအလိုက် သင်တန်းသား/သူများမှ ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဖတ်ကြားပူဇော်ခြင်း၊ သံဝေဂဂါထာပွားများခြင်း ပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒနှင့် သင်တန်းသား/သူများမှ ဈာပနအခမ်းအနားအတွက် နဝကမ္မအလှူတော်ငွေ ကျပ်သိန်း(၃၀)အား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေတိုး