တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေလက်ခံရယူရန် ကျန်ရှိနေသည့် တောင်သူများအား လျော်ကြေးငွေပေးအပ်

တာချီလိတ် ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားနှင့် စက်မှုရပ်ကွက်အကြား မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေ လက်ခံရယူရန် ကျန်ရှိနေသည့် တောင်သူများအား လျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန်၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်စေရန်၊ မယ်ဆိုင်-မယ်ဟောက်ချောင်းရေအား မြန်မာ-ထိုင်း ၂ နိုင်ငံသာတူ ညီမျှ ရေစီးကြောင်းပြောင်းလဲမှု ထိန်းသိမ်းရေး၊ ချောင်းကမ်းပါးတိုက်စား၍ နိုင်ငံတော်ပိုင်မြေဆုံးရှုံးမှုမဖြစ်စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်၊ အာဆီယံ Free Trade Zone ဖြစ်ပေါ်လာသည့်အခါ အမှတ် ၂ တံတားမှတစ်ဆင့် မြို့ရှောင်လမ်းအတိုင်းမောင်းနှင်၍ ပြည်တွင်းပြည်ပသို့ ကုန်သွယ်စီးဆင်းမှု လမ်းကြောင်းဖြစ်ပေါ်လာစေရန်၊ တာချီလိတ်မြို့တွင်း ဖြတ်သန်းသွားသော ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် မြို့ရှောင် လမ်းဖောက်လုပ်ရာတွင် လမ်းမြေဧရိယာအတွင်း ပါဝင်သည့် တောင်သူ ၁၉၆ ဦးအနက် လျော်ကြေးငွေလက်ခံရယူရန် သဘောတူညီမှု မရှိသေးသည့် တောင်သူ ၉ ဦး (၁ ဦးမှာ ဆက်သွယ်၍မရ)နှင့် သီးနှံမြေယာလျော်ကြေးငွေပေးအပ်ရေးကော်မတီတို့မှ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအရ တောင်သူ ၈ ဦးမှာ နိုင်ငံတော်မှပေးလျော်ရမည့် လျော်ကြေးငွေများအား လက်ခံရယူရန် သဘောတူညီခဲ့ သောကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဆက်စပ်ဌာနဆိုင်ရာအကြီးအကဲများက မြို့ရှောင်လမ်းဖောက်လုပ်ရာတွင်ပါဝင်သွားသည့် မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေ လက်ခံရယူရန် ကျန်ရှိနေသည့် တောင်သူ ၈ ဦးအား မြေယာနှင့်သီးနှံ လျော်ကြေးငွေများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)