မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြို့မိ/မြို့ဖများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

မြေပုံ ဇွန် ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား မြို့မိ/မြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးရာ၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများတို့ တက်ရောက်ကြပြီး ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မုန်တိုင်းဒဏ်သင့်ဒေသများသို့ နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများ ခွဲဝေထောက်ပံ့ရာတွင် မြေပုံမြို့နယ်အတွက် ရောက်ရှိလာသော ငွေနှင့်ပစ္စည်းများအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ခွဲဝေထောက်ပံ့နေခြင်း၊ ရောက်ရှိပစ္စည်းအားလုံး လေဘေသင့်ပြည်သူများထံသို့ အချိုးကျခွဲဝေရရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြို့မိ/မြို့ဖများအနေဖြင့် လိုအပ်ချက်များရှိပါက အချိန်မရွေးအကြံပြု ပြောကြားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့မိ/မြို့ဖများက လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြဆွေးနွေးရာ၌ သောက်သုံးရေဖူလုံစွာရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ တင်ပြဆွေးနွေးသည်။

ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြို့မိ/မြို့ဖ ဆွေးနွေးတင်ပြမှုများအပေါ် အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)