ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသရှိ ပြည်သူများ၊ အာမခံအလုပ်သမားများကိုကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

စစ်တွေ ဇွန် ၄

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှဉီးဆောင်၍ ရွေ့လျားဆေးကုသယာဉ် MMU ဖြင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA)ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသရှိ ပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဉီးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောရွေ့လျားဆေးကုသယာဉ် MMU (၁)စီးဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်စုရပ်နေရာများတွင် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏လမ်းညွှန်ကြီးကြပ်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ရွေ့လျားဆေးကုသယာဉ်(၁)စီးသည် စစ်တွေမြို့၊  အတုလမာရဇိန်ဘုရားကြီးတွင် ယာယီဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်သွားပေးလျက်ရှိသည်။

အလားတူ စစ်တွေမြို့နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိပြည်သူများနှင့် အာမခံအလုပ်သမားများအား မုန်တိုင်းနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်နိုင်သော ဝမ်းပျက်၊ ဝမ်းလျှောခြင်းအပါအဝင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းစသည့်ရောဂါများကို ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းကုသပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပြီးနောက် ကြုံတွေ့ရနိုင်သည့် နောက်ဆက်တွဲရောဂါနှင့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်ကုသပေးနိုင်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)