နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

ပျဉ်းမနား ဇွန် ၄

နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဒုတိယအကြိမ်ဝန်ထမ်းမိသားစုများမှ လစဉ်စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညောဘာသမထေရ်မြတ်အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညောဘာသမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညောဘာသမထေရ်မြတ်ထံ ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညောဘာသမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့၏ ဝန်ထမ်းမိသားစုများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ  သီရိမင်္ဂလာဘုံမြင့်ပရိယတ္တိစာသင်တိုက်၊ ရတနာသိဒ္ဓိကျောင်းတိုက်၊ သနပ္ပင်ဆိပ်ကျောင်းတိုက်၊ မင်္ဂလာဇေယျပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နံတော်စဉ်ကျောင်းတိုက်၊ မာရ်အောင်ကျောင်းတိုက်နှင့် မဟာလယ်တီစံကျောင်းတိုက်များသို့ ဆွမ်းဆန်တော်အိတ်စုစုပေါင်း ၄၃ အိတ်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် အသစ်ပြန်လည်တည်ဆောက်မည့်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်မည့်လုပ်ငန်းစဥ်များနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ​ဖောင်ဒေးရှင်း အမြန်ချဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါသည်။

မျိုးသီဟ(ပြန်/ဆက်)