အမ်း ဇွန် ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များတွင် ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များရှိ ဆိုင်ပိုင်ရှင်များနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မိမိတို့မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများအား မုန်တိုင်းအန္တရာယ်ကို အကြောင်းပြုကာ အခြေခံ စားသောက်ကုန်များအား ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမရှိစေရေး၊ စားသုံးဆီများ စားသုံးဖွယ်ရာများတွင် မသန့်ရှင်းသည့် ကုန်ပစ္စည်းများ ရောနှောရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း