သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီး၍ သစ်ပင်ပြိုလဲမှု​ကြောင့် လူနေအိမ်များပေါ် ပိမိ

သပိတ်ကျင်း ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်ပြိုလဲမှုကြောင့် အိမ်(၂)လုံးပေါ် ပိမိကာ ပျက်စီးဆုံးရှူံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာတွင် ဇွန်လ(၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနေအိမ်နှစ်လုံးပေါ်ပိမိပြီး ပြိုကျပျက်စီးခဲ့သည်။ အလားတူ ဇွန်လ (၂)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က သပိတ်ကျင်းမြို့နယ် ရေညှာဦးကျေးရွာအုပ်စု ဗနွဲ့ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် (၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဖြစ်စဥ်များတွင် လူနှင့်တိရိစ္ဆာန်များ သေကျေပျက်စီးဆုံးရှူံးမှုမရှိကြောင်းနှင့် အဆိုပါ ပျက်စီးဆုံးရှူးခဲ့သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး  လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံပစ္စည်းများပေးအပ်နိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)