မောင်တော ဇွန် ၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ အများပြည်သူအသုံးပြုနေသော ရေကန်ကြီးအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့် ပြည်သူများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီ အချိန် မြို့မအရှေ့ရပ်ကွက်ရှိ ရေကန်ကြီးအတွင်း ပြုလုပ်ခဲ့ကြရာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ တာ၀န်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများက မြို့မအရှေ့ရပ်ကွက်ရှိ အာလူးစား ကန်အတွင်းရှိ မြက်ပင်၊ ပေါင်ပင်များ၊ အမှိုက်သရိုက်များ၊ ကြာပင်များအား ဆယ်ယူပြီး မြို့နယ်စည်ပင်သာယာရေးအမှိုက်သိမ်းကားဖြင့် သိမ်းဆည်းပြီး စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်