“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ် မက်မန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်းနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

မက်မန်း ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် မိုင်းပျဉ်း-မက်မန်း ကီလို(၅၀)ရှင်းလင်းဆောင်တွင် လမ်းဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းနိုင်နေလင်းက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို မှာကြားခဲ့ခြင်း၊ ဆက်လက်၍ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP)ရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံး အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆွတ်ဝိုးတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအားကြည့်ရှုအားပေးခြင်း၊ ဆေးရုံတက်ရောက်ကုသနေသောလူနာများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ဆေးရုံအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီအချိန်တွင် မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းက မက်မန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များကို တင်ပြခြင်း၊ မက်မန်းမြို့နယ် ကုသရေးဦးစီးဌာမှူး ဒေါက်တာ စိုးမိုးအောင်ကဆေးရုံ၏ လိုအပ်ချက်များကိုတင်ပြခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်ချက်များ တင်ပြခဲ့ကြသည်။ ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်က  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအား ဟိုပန်ခရိုင်နှင့်မက်မန်းခရိုင်တို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဖွဲ့စည်းထားရှိသည့် ခရိုင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ပါရှိကြောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသခံများ၏ တင်ပြချက်များကို အလှူရှင်များ၏အားဖြင့် ပံ့ပိုးညီကူသွားမည်ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက်များ၊ အခက်အခဲများကိုလည်း မိမိတို့“ဝ”တိုင်းအစိုးရအနေဖြင့် ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့် အဖွဲ့ဝင်များသည် မက်မန်းခရိုင်နှင့် မြို့နယ်အတွင်းရှိ ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် သိန်း(၂၀)၊ ဆန်အိတ်(၂၀)၊ ကြက်ဥ(၃၀၀၀)လုံး၊ ဆီ(၅၀)ပိဿာ၊ အာလူး(၅၀)ပိဿာ၊ ကြက်သွန်နီ(၅၀)ပိဿာ၊ အမျိုးသားဝတ်လုံချည်(၂၁၅)ထည်၊ အမျိုးသမီးဝတ်လုံချည်(၁၈၁)ထည်တို့အား ထောက်ပံ့ပေးအပ်ရာ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင်၊ပြန်/ဆက်