တောင်ဥက္ကလာပ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက်(၇း၀၀)နာရီအချိန်က အမှတ်(၇)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ် (abate) ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဦးကျကာလတွင် ခြင်ပေါက်ဖွားမှုများ ပြားလာနိုင်သည့် အတွက်ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)