ရပ်စောက် ဇွန် ၃
၂၀၂၃ ခုနှစ်၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရပ်စောက်မြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ခဲ့သော မမိုးမိုးအေးအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရပ်စောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မမိုးမိုးအေးအား ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက မြို့အဝင်တိုးလ်ဂိတ်တွင် စောင့်ဆိုင်း၍ စတင်ကြိုဆိုခဲ့ကြပြီး အ-ထ-က(၁) ရပ်စောက်ကျောင်းရှေ့တွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများက ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
မမိုးမိုးအေးအား ထိုမှတစ်ဆင့် မင်းလမ်းတစ်လျှောက်နှင့် မြို့မဈေးအနီး မင်းကြီးသုံးပါးဂိတ်အထိ ဒေသခံပြည်သူများက ဆက်လက်၍ ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ရပ်စောက်မြို့နယ်မှ မမိုးမိုးအေးသည် ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ၌ ရိုးရာသိုင်းပညာတစ်ခုဖြစ်သည့် အားနစ် တုတ်သိုင်းအတိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်(၂)ခုကိုရယူပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆုမွန်