ကမ္ဘာ့စက်ဘီးစီးနေ့အထိမ်းအမှတ် လားရှိုးစက်ဘီးချစ်သူများအဖွဲ့မှ စက်ဘီးစီးပြိုင်ပွဲကျင်းပ

လားရှိုး ဇွန် ၃

“ကမ္ဘာ့စက်ဘီးစီးနေ့” အထိမ်းအမှတ်အဖြစ် လားရှိုးစက်ဘီးချစ်သူများအဖွဲ့မှ ဦးဆောင်ကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ထင်းရှူးမြိုင်အိမ်ရာ အနီးတွင် ကျင်းပသည်။

စက်ဘီးချစ်သူများ ဦးဆောင်ကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲကို ချယ်ရီမြိုင်အိမ်ရာအနီးမှ လားရှိုးမြို့ ရန်တိုင်းအောင် အနောက်ဘက်လမ်းအတိုင်း ၅ ကီလိုမီတာအကွာအဝေးကို အမျိုးသားပြိုင်ပွဲဝင် များက သုံးပတ်၊ အမျိုးသမီးပြိုင်ပွဲဝင်များက နှစ်ပတ် မောင်းနှင်ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အတန်းသုံးတန်းခွဲ၍ ယှဉ်ပြိုင်စေပြီး အသက် ၁၆ နှစ်အောက်အတန်းတွင် ၂၂ ဦး၊ အသက် ၁၆ နှစ်မှ ၃၀ နှစ်အတန်းတွင် ၂၉ ဦး၊ အသက် ၃၀ နှစ်အထက်အတန်းတွင် ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )