ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနား ကျင်းပ

မန္တလေး ဇွန် ၃

နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်အမျှအတမ်းပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြားရှိ ဗန်းမော်ကျောင်းတိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ' သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းနားဖွင့်လှစ်ခဲ့ပြီး မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာ‌တော် ဘဒ္ဒန္တဝါသေဌာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး အနိစ္စာဝတသခ်ါရာစသော(၃)ဂါထာကို ရွတ်ဆိုသံဝေဂဉာဏ်ပွားများခဲ့သည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်တို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဘဒ္ဒန္တဝါသေဌာဘိဝံသ ဆရာတော်ကြီးထံမှ သံဝေဂဂါထာနှင့် ရေစက်ချတရား နာယူကြည်ညိုခြင်း၊ သဗ္ဗေသင်္ခါရာ အနိစ္စာဟိ အစချီသံဝေဂ သုံးဂါထာကိုရွတ်ဆိုပွားများ၍ အခမ်းနားကိုရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်ခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိူးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်း‌အစိုးရဖွဲ့အတွင်းရေးမှူးဦးမြင့်လွင်၊ သာသနာရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့​ကြကြောင်း သိရသည်။

ထိပ်ထားနိုင်