အလုံ အောက်တိုဘာ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ အလှူငွေနှင့် အောက်ဆီဂျင်ဘူးများကို ယနေ့ နံနက်ပိုင်းက အ-ထ-က (၇) အလုံတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်စင်တာသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။.
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးညွန့်ဝင်းနှင့်ဒေါ်ခင်မျိုးနွယ်မိသားစု(USA)မှ အလှူငွေ (၁)သိန်းကျပ်၊ ဦးအောင်သန်းအားရည်စူး၍ဒေါ်ခိုင်မာဝင်းမိသားစု မှ (၁)သိန်းကျပ်၊ အလုံမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရေစီးရေလာတာဝန်ခံ ဦးဉာဏ်မျိုးထွန်းမှ လူနာတင် ကားများ ပေါ်တွင် အသုံးပြုရန်အတွက် ငွေကျပ် ၃၃၀၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင်ဘူး(၃)ဘူး လှူဒါန်းခဲ့ရာ အလုံမြို့နယ် အမှတ်(၁)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်သည်။
အလုံမြို့နယ်အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါစင်တာများသို့ စေတနာရှင် အလှူရှင်များက အလှူငွေ၊ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်စရာများကို နေ့စဉ် မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)