ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး

ရန်ကုန် ဇွန်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ည နေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူများနှင့်အတူ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။

ညနေ ၆ နာရီတွင် ဖျော်ဖြေမှုအစီအစဉ်များကို စတင်ရာ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံးဖြင့် စတင်ဖွင့်လှစ်ပြီး ပဏာမအဖွင့်တီးလုံးဖြင့် ဆက်လက်ဧည့်ခံသည်။ ထို့နောက် ရခိုင်စည်တော်၊ အပျိုတော်လမိုင်း အကတို့ဖြင့် ဖျော်ဖြေပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ ဖြစ်ကြသည့် ရန်အောင်၊ ရဲအောင်၊ နေထက်လင်း၊ ကျော်ကျော်၊ ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ရွှေမန်းချမ်းသာ၊ ဝင်းနောင်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်၊ ဇံဟိန်း၊ တခိုင်လုံးရွှေအေးအေးမြင့်၊ နန်းခင်မွှေး၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊ မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊ မျိုးခန့်မောင်မောင်၊ အောင်ထူးစံနှင့် မြတ်မင်းခေါင်တို့က မြူးကြွလှပသံစဉ်များဖြင့် သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ တေးသံသာကဏ္ဍတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ပူစူး၊ ဖြိုးမြတ်အောင်၊ ခင်မောင်ထူးတို့က လည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖြစ်သည့် တိမ်လွှာမို့မို့လွင်၊ ကျောက်ခဲနှင့် တစ်ပြည်သူမရွှေထား တေးသီချင်းတို့ကို သာထက်၊ ရန်အောင်၊ ရဲအောင်တို့ ကလည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ဟာသပညာရှင်များအစည်းအရုံး ဦးငြိမ်းချမ်းနှင့်အဖွဲ့က ဟာသရွှင်ပြုံးစေသည့် အစီအစဉ်ဖြင့်လည်းကောင်း၊ ပတ္တမြားဒေဝီစောမဲကျီ၏ ရခိုင်တေးသီချင်းများဖြစ်သည့် စိမ်းလဲ့လဲ့၊ သရုပ်ဆောင် ဘုန်းလျှံ၊ အာရိယန်နှင့် ဟီလာရီစိုးတို့ကလည်းကောင်း သီဆိုဖျော်ဖြေကြသည်။

ထို့နောက် မြန်မာနိုင်ငံသဘင် အစည်းအရုံးမှ ရွှေမန်းသူ မြင့်မြင့်ခင်၊ ဦးမိုးဒီ၊ တိမ်ညွန့်၊ ဦးချစ်စရာနှင့် ဦးချိုတူးတို့က မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း တေးအော်ပရာဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ မီးနိုနှင့် ရဲရင့်အောင်တို့က တေးသံသာကဏ္ဍဖြင့်လည်းကောင်း၊ ကိုမြင့်(သမန်းကျား)အဖွဲ့က တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ မီးခွက်စောင့်ကျွန်းပြဇာတ်တွင် ဗေဒါ၊ ရဲလေးမနှင့်အဖွဲ့၊ ချစ်စု၊ မိုးသုခနှင့် ဝေယံဟိန်းတို့က လည်းကောင်း၊ တေးသံသာဖျော်ဖြေမှုတွင် နီနီခင်ဇော်နှင့် နေမင်းအိမ် တို့ကလည်းကောင်း ဖျော်ဖြေကြပြီး ယနေ့ရန်ပုံငွေဖျော်ဖြေပွဲကြီး၏ အပိတ်ဖျော်ဖြေမှုအဖြစ် ဒါရိုက်တာ ကျော်ဇောဟိန်း(အတွေး ပုံရိပ်)ကူညီပေးကြပါပြဇာတ်အား ရုပ်ရှင်၊ ဂီတ၊ သဘင် တို့စုပေါင်းအားဖြင့် အားပါးတရဖျော်ဖြေတင်ဆက်ကြသည်။

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီး ဖျော်ဖြေပွဲကြီးတွင် သဒ္ဓါတရားထက်သန်ကြသည့် ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး ပဒေသာကဇာတ်ရုံဝင်ပေါက် ကြိုဆိုရေးနေရာအနီး၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မြန်မာ့ရုပ်ရှင် (ငွေ-ရွှေ-စိန်) ရတု သမိုင်းစဉ်များ၊ သမိုင်းဝင်ဒါရိုက်တာကြီးများ၏ အဆိုအမိန့်စာအုပ်များ၊ ရာပြည့်မဂ္ဂဇင်းနှင့် ပိုစတာများ အရောင်းဌာနတွင်လည်း လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူများက ဝယ်ယူအားပေးမှုနှင့်အတူ လေဘေး သင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်ကြကြောင်း သိရှိသည်။

အောင်မြင့်(ပြန်/ဆက်)