မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)တွင် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် စီးပွားရေး သံမှူးနှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌတို့ တွေ့ဆုံ

လမ်းမတော် ဇွန် ၃

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ စီးပွားရေးသံမှူး Mr. Tan Shufu သည် တာဝန်ပြီးဆုံး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သဖြင့် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များထံ လာရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ၎င်းနေရာတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးသစ်Mr. Ouyang Daobingနှင့်လည်း အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ၂၀၂၃ခု နှစ် ဇွန်လ ၂ ရက်နေ့တွင် အသင်းချုပ်ရုံး၌တွေ့ဆုံ မိတ်ဆက်ခဲ့ သည်။

တွေ့ဆုံရာတွင် Mr. Tan Shufu က မိမိတာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် အဓိက ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံက ကိုဗစ်ကာလများအတွင်း မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းပေးရာတွင် သံရုံးအ​​​နေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကုန်စည်ပြပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေပါကြောင်းနှင့် ရှေ့ဆက်၍လည်း လုပ်ငန်းဆိုင်ရာ အခက်အခဲများ ကျော်လွှားပြီး စီးပွားရေးဝန်းကျင်ကောင်းကို ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းကတရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးသည် အရေးကြီးပါကြောင်း၊ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးကူးလူး ဆက်ဆံမှုသည် သိသာစွာတိုးတက် ပြောင်းလဲလာပါကြောင်း၊ တရုတ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များလည်း အများအပြား ဝင်ရောက်လာပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဓိကလိုအပ်သည့် ယွမ်-ကျပ် ငွေပေးချေမှုကို အရှိန်မြှင့်လုပ်ဆောင်စေလိုကြောင်း၊နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့်လုပ်ကိုင်နိုင်​ရေး၊လယ်ယာထွက် ကုန်ပစ္စည်းများ၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများပိုမိုတင်ပို့နိုင်ရေး၊ ဓာတ်​မြေသြဇာအပါအဝင် လယ်ယာသုံး စက်ကိရိယာများ၊ စက်မှုလုပ်ငန်းနှင့်ကုန်ထုတ်လုပ်ငန်းသုံး ကုန်ကြမ်းများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် CMP လုပ်ငန်းများတွင်လည်း ပိုမိုလာရောက် လုပ်ကိုင်နိုင်ရန်ဖိတ်ခေါ်လိုပါကြောင်း၊ ကုန်စည်ပြပွဲများကိုလည်း အပြန်အလှန်ကျင်းပ​ ပြုလုပ်သွားလို ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် သင်တန်းများနှင့်  ပညာသင်ဆု အစီအစဉ်များလည်း ရရှိနိုင်ရန် သံရုံးဖက်မှ ကူညီဆောင်ရွက်​ပေးစေလိုပါကြောင်း၊ လွှဲပြောင်း တာဝန်ထမ်းဆောင်သွားမည့် စီးပွားရေးသံမှူးသစ် Mr. Ouyang Daobing နှင့်လည်း  ရင်းနှီးသည့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်သွားလိုပါကြောင်းပြောကြားခဲ့သည်။ စီးပွားရေး သံမှူးသစ် Mr. Ouyang Daobing ကအသင်းချုပ်နှင့် ပိုမိုထိတွေ့မည့်အစီအစဉ်များတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းချုပ်နှင့် ယခင်ကာလကရရှိထားသည့် လက်တွဲလုပ်ကိုင်မှုနှင့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တက်ရောက်လာကြသူများက တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုရေး၊ ပညာရေး၊ ကုန်သွယ်​ရေး၊ လျှပ်စစ်နှင့် ဆိုလာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်း စည်သူ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဇော်ဌေးတို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဆန်းမြင့်