မဘိမ်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိမှုများကို တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မဘိမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်နှင့် အဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာ ရင်းများကပ်ထားမှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများကို ပြည်သူများလာရောက်ကြည့်ရှုရာတွင် လွယ်ကူစေရန် စီစဉ်ဆောင်ရွက်ပြသထားရှိမှုများ၊ အမည်စာရင်းထည့်သွင်းရန်တောင်းဆိုခြင်း၊ လျှောက်ထားခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်လွှာများ တင်သွင်းခြင်းများကို သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
မဘိမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိပြီး လျာထား မဲရုံအရေအတွက် ၄၄ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူပေါင်း(၃၂၂၈၆)ဦးခန့်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)