နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ နေရာဒေသ (စံပြကျေးရွာ)တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇွန် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ နေရာဒေသ(စံပြကျေးရွာ)တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပျဉ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ဌာနမှူးများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ ဆုရွေးချယ်ရေးကွင်း ဆင်းစစ်ဆေးရေး အဖွဲ့ဝင်များ၊ ဆုရကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ စံပြဆုရရှိသည့် သက်ဆိုင်ရာမြို့၊ ကျေးရွာများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရန်၊ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများနှင့်လှုပ်ရှားမှုများ ပိုမိုမြှင့်တင်နိုင်စေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ယနေ့လူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာရပ်များအပေါ် အထောက်အပံ့ ဖြစ်စေရန်၊ နေပြည်တော်အတွင်းရှိ အစိုးရဌာနများ၊ NGOအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့ အစည်းများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆောင်ရွက်နေမှုများနှင့် အလေ့အကျင့် ကောင်းများကို ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်မည့်Platform တစ်ခုအဖြစ် ပျိုးထောင်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ကောင်းမွန်သောပတ်ဝန်းကျင်စီမံခန့်ခွဲမှု အလေ့အထများ ကျင့်သုံးဆောင်ရွက်ခြင်းသည် ဒေသအတွင်း မှီတင်းနေထိုင်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျန်းမာပျော်ရွှင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည့် ပြည်ထောင်စုနယ် မြေအား Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်ဖြစ်ပေါ်လာစေရေးဟူသည့် လမ်းညွှန်ချက်ကို များစွာအထောက်အကူပြုမှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများအား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများအဖြစ် ဖွံ့ဖြိုး တိုးတက်ပေါ်ပေါက်လာစေရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့/ရွာများ ပေါ်ပေါက်လာစေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများအနေနှင့် လက်တွဲပူးပေါင်း ပြီး နှစ်စဉ်အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ဆုများရရှိခဲ့ကြသည့် အခြေခံပညာကျောင်းများ၊ မြို့နယ်/ ကျေးရွာများအနေဖြင့်  မိမိတို့၏ အောင်မြင်မှုများကို ဆက်လက် တန်ဖိုးထား ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက ဆုစိစစ်ရွေးချယ်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean Green School Award) ဆုရကျောင်းများနှင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ နေရာဒေသ (စံပြကျေးရွာ) တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean Green School Award) ပထမဆု ရရှိခဲ့ကြသည့် အခြေခံပညာအထက်တန်းကျောင်း (တောင်ညို)နှင့် အခြေခံပညာ မူလတန်း ကျောင်း (ကျားကူး) တို့၏ ပြိုင်ပွဲဝင်မှတ်တမ်း Video Clip (၂)ခုနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့၊ နေရာဒေသ (စံပြကျေးရွာ)တို့၏ ပြိုင်ပွဲဝင် Video Clip (၂)ခုအား ပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းဆု(Clean & Green School Award) အခြေခံပညာအထက်တန်း အဆင့် ပထမဆုကို ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တောင်ညို)က လည်းကောင်း၊ ဒုတိယဆုကို ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း ကလည်းကောင်း၊ တတိယဆုကို ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းကလည်းကောင်း၊ နှစ်သိမ့်ဆု(၁)ကို ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းကလည်းကောင်း၊ နှစ်သိမ့်ဆု(၂)ကို တပ်ကုန်းမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(အလယ်ကျွန်း)က လည်းကောင်း၊  နေပြည်တော်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean & Green School Award) အခြေခံပညာ မူလတန်း အဆင့် ပထမဆုကို ဒက္ခိဏသီရိမြို့နယ် အခြေခံပညာ မူလတန်းကျောင်း (ကျားကူး)က လည်းကောင်း၊ ဒုတိယဆုကို ဇေယျာသီရိမြို့နယ် အခြေခံပညာ မူလတန်းကျောင်း (သက်နှင်းအင်း)ကလည်းကောင်း၊ တတိယဆုကို တပ်ကုန်းမြို့နယ်၊ အခြေခံပညာမူလတန်း ကျောင်း (ပေါက်ပင်သာ)ကလည်းကောင်း၊ နှစ်သိမ့်ဆုကို ပျဉ်းမနားမြို့နယ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဘောဂဝတီ)ကလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ပထမဆုကို ဇမ္ဗူသီရိမြို့နယ်ကလည်းကောင်း၊ ဒုတိယဆုကို ဥတ္တရသီရိမြို့နယ်ကလည်းကောင်း၊ တတိယဆုကို ဇေယျာသီရိမြို့နယ်ကလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ)ဆုကို သော်မော်ကုန်းကျေးရွာကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)