ပုဏ္ဏားကျွန်း ဇွန် ၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေ သည့် ဗိုလ်မှူးချုပ် ဝင်းမောင်သည် ယမန်နေ့၊ နေ့လယ်ပိုင်းက ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးဌာနများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် မြို့နယ်ရဲစခန်းသို့ သွားရောက်ကာ ဝန်ထမ်း အိမ်ရာ၊ မြို့နယ်ရဲစခန်း၊ အချုပ်ခန်းများအား မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲသည် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်း၊ တယ်လီဖုန်း အိပ်ချိန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ဆေး ရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဘုရားဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဦးရာဇ်တော်ဘုရား ကြိုးတံတား ပျက်စီးဆုံးရှုံးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)