ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပ

ရန်ကုန်  ဇွန်  ၃

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၅ ခုနှစ် နယုန်လပြည့်မဟာ သမယအခါတော်နေ့ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင် သတ်မှတ်နေရာ အသီးသီး၌ ယမန်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက်၅နာရီခွဲ အချိန်တွင်ရင်ပြင်တော် တောင်ဘက်ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံစေတီတော် စေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး များအားရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက်ဩဝါဒါစရိယဆရာ တော်ကြီးများထံမှမဟာသမယ အခါတော်နေ့ဆိုင်ရာ သိမှတ် ဖွယ်ရာများ နာကြားခြင်းနှင့် ရေစက်ချအခမ်းအနားကိုနံနက် ၆ နာရီခွဲအချိန်တွင် ရွှေတိဂုံစေတီ တော်ရင်ပြင် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ကျင်း ပရာဦးစွာ ဧည့်ပရိတ်များ ကရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက

အဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဌေးက ဇယမင်္ဂလာ အနုမောဒနာစာတမ်းလွှာကို ‌ဖတ်ကြားလျှောက်ထားခဲ့သည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာ ဓမ္မဂုရု၊ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယကဘဒ္ဒန္တနာရဒါ ဘိဝံသ(လှရတနာ ဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီအချိန်တွင် မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့် အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက မင်း၊ မိဖုရား၊ မှူးမတ်၊ စစ်သည် အဆောင် အယောင်များဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်း အေးချမ်းသာယာစေရန်ရည်ရွယ်၍ ကချင်၊ ကယား၊ ကရင်၊ ချင်းအစရှိသောတိုင်းရင်းသား လူမျိုးများကိုယ် စားပြုဝတ်စုံများဝတ်ဆင်၍လည်းကောင်း ရင်ပြင်တော်မြောက်ဘက် ချမ်းသာ ကြီးတန်ဆောင်း စုရပ်မှစေတီတော်ကြီး အားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။

ထို့နောက် မဟာသမယအခါတော်နေ့အခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပခဲ့ရာ ဧည့်ပရိတ်သတ်အပေါင်းတို့က မြတ်စွာဘုရားရှင်အား ရှိခိုးကန်တော့ခြင်း၊ နတ်ဗြဟ္မာ များအားပင့်ဖိတ်ခြင်း၊ မဟာသမယသုတ်ပါဠိတော်အား သံပြိုင်ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်း စသည်တို့ဆောင်ရွက်ကြပြီး နောက်ကမ္ဘာတစ်ဝှမ်းငြိမ်း‌ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြစေရန် ရည်ရွယ်လျက်ဧည့် ပရိသတ် အပေါင်းတို့က မေတ္တာပို့ဆုတောင်းစာကို(၃)ကြိမ် သံပြိုင်ရွတ်ဆိုဆုတောင်း ကြပြီး ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကိုလည်း (၁၁)ကြိမ်တစ်ပြိုင်တည်းတီးခတ်ခြင်းဖြင့် မဟာသမယ အခါတော်နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  အောင်မြင့်(ပြန်/ဆက်)