မာန်အောင် ဇွန် ၃
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက လမ်းညွှန်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဦးချမ်းမြေ့ထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်း၊ ကျောက်ဖြူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဦးချမ်းမြေ့ထွန်းတို့က မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၃၅)ကျောင်းအနက်မှ (၂၁)ကျောင်းတွက် တစ်ကျောင်းလျှင်(၉၀၀၀၀)ကျပ်နှုန်းဖြင့် (၁၈၉၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူနေအိမ်(၁၂၀)အတွက် တစ်အိမ်လျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၃၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ပြည်သူ(၃၆၄)ဦးအတွက် လူတစ်ဦးလျှင်ဆန်ရိက္ခာ(၇)ရက်စာအတွက်(၂၁၀၀)နှုန်းဖြင့် (၇၆၄၄၀၀)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၆၂၅၄၄၀၀)ကျပ်အား ရပ်ကွက်/ကျေးရွာ(၃၆)အုပ်စုရှိ လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)